သရဲ- တစ္ဆေဇာတ်လမ်းများ

ငှက်လေး | 6:58 AM | Best Blogger Tips


ဝက်သားကြိုက်သော တရုတ် သရဲ

ဒီတခါ ကျနော် ပြောပြမယ့် ဇာတ်လမ်းက ကျနော် ၇- တန်း၊
၈- တန်း ကျောင်းသားဘ၀မှာ တွေ့ကြုံဖူးတဲ့ တရုတ်တစ္ဆေပါ၊ တစ္ဆေ
အကြောင်း မပြောခင် မြစ်ဆုံဆည်အကြောင်း နည်းနည်း ပြောပါရစေ။

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ရပ်တန့်လိုက်တဲ့ သတင်းကြောင့်
“ဧရာဝတီကိုချစ်သော ဘလော့ဂါများ စုစည်းမှု” ကတော့ အတိုင်းအတာ
တစ်ခုအထိ ပျော်ရွှင်နေပြီလို့ ထင်ပါတယ်၊ မြစ်ဆုံရေကာတာ တစ်ခုတည်း
မဟုတ်ပါဘူး မြန်မာပြည်ထဲက ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လုပ်ကိုင်
နေဆဲ တရုတ်ကုမ္မဏီတွေ၊ သဘာဝဓါတ်ငွေ့ကို ဈေးပေါပေါနဲ့ ချုပ်ဆိုခဲ့ရတဲ့
အစီအစဉ်တွေ၊ သစ်တောထွက် ပစ္စည်း ... ရွှေကျင်တဲ့ လုပ်ငန်းစတဲ့
မြန်မာပြည်ထဲမှာ ရှိရှိသမျှ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု အားလုံး ပြန်ထွက်
သွားအောင် လုပ်ပြနိုင်ရင် သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူတွေက
ဒီထက်ပိုပြီး ကောင်းချီသြဘာ ပေးကြမှာပါ။ လက်ရှိ ရပ်တန့်မယ်လို့ ကြေညာ
ထားတဲ့ မြစ်ဆုံဆည် စီမံကိန်းဟာ ကွန်မြူနစ်အမည်ခံ ကိုယ်ကျိုးကြည့်
တရုတ်တစ္ဆေအစိုးရကို ပူဇော်ပသထားတဲ့ စီမံကိန်း (၈)ခုထဲက (၁)ခုပဲ
ရှိပါသေးတယ်၊ စီမံကိန်း (၈) ခုစလုံး ရပ်ဆိုင်းဖို့နဲ့ ကချင်ပြည်နယ်အတွင်းက
စစ်ပွဲတွေ ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးဖို့ ဦးသိန်းစိန်အပါအ၀င် အားလုံးမှာ တာဝန်
ကိုယ်စီ ရှိပါတယ်။ မြစ်ဆုံဆည် ရပ်တန့်ရေးမှာ ရရှိထားတဲ့ စည်းလုံးညီညွတ်
ရေး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ်။

တရုတ်နိုင်ငံဟာ ယနေ့ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ အင်မတန် ယုတ်မာတဲ့
မူဝါဒကို ဆုပ်ကိုင်ထားဆဲ နိုင်ငံတစ်ခုပါ၊ ဒါကြောင့် လစ်ဗျားနိုင်ငံရဲ့ အစိုးရသစ်
ဖြစ်တဲ့ အတိုက်အခံ အမျိုးသားကောင်စီက တရုတ်နိုင်ငံနဲ့ သံတမန် အဆက်
အသွယ် ဖြတ်တောက်ပြပြီး တရုတ်ရဲ့ ယုတ်မာမှုကို တစ်ကမ္ဘာလုံးသိအောင်
ဖော်ပြခဲ့ပါပြီ။ တချို့သောသူတွေက ကျနော်အပါအ၀င် မြစ်ဆုံဆည် ကန့်ကွက်
ရေး၊ တရုတ်ရင်းနှီးမြုပ်နှံမှု ဆန့်ကျင်ရေးအတွက် အင်တာနက်ပေါ်ကနေ
ဆက်တိုက်ကြွေးကျော်နေသူ တချို့ကို “မျက်ကန်း မျိုးချစ်”တွေ၊
“အစွန်းရောက် အမျိုးသားရေးဝါဒီ” တွေအဖြစ် ခေါင်းစဉ်အမျိုးမျိုး တပ်ကြ
ပါတယ်။ ကျနော့်ကိုယ် “မျက်ကန်း မျိုးချစ်”လို့ ခေါင်းစဉ်တပ်ချင်သူတွေအနေနဲ့
သမိုင်းကို ရှုထောင့်တစ်ခုတည်း မလေ့လာပဲ ရှုထောင့်အမျိုးမျိုး၊ ချဉ်းကပ်နည်း
အမျိုးမျိုးကနေ လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။ တခါက မီဒီယာတစ်ခု
မှာ အဆင့်မြင့်တာဝန် ယူထားသူတစ်ဦးနဲ့ ညီလာခံတစ်ခုမှာ ဆုံဖူးပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်းကို သတ်ခဲ့တဲ့ ရဲဘော်
မြကြီးဟာ တရုတ်လူမျိုး၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်တွေ မြန်မာပြည်
ထဲ မ၀င်ခင် မြေအောက် တော်လှန်ရေး ဦးဆောင်တဲ့ သခင်ဗဟိန်းကို ဖမ်းခဲ့တဲ့
ပုလိပ်အရာရှိဟာ တရုတ်လူမျိုးတွေဖြစ်သလို၊ မြန်မာ့လွတ်လပ်ရေးအတွက်
ဦးဆောင် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအုံနဲ့
သခင်တိမ်ဂွမ် (ဒို့ဗမာအစည်းအရုံး ဒုတိယအတွဲ စာမျက်နှာ ၅၂၁။) တို့ဟာလည်း
တရုတ်လူမျိုးတွေဖြစ်ကြောင်း မီဒီယာကြီးတစ်ခုက အဲဒီအဆင့်မြင့် အရာရှိ
လုံးဝ မသိပါ၊ “စိန်၊ ပိန်” ဂိုဏ်းလောက်တော့ အဲဒီမီဒီယာအရာရှိ ကြားဖူပုံ ရပါ
တယ်၊ “ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်း”တို့ “မတ်စ်ဝါဒီ လီနင်သင်တန်းကျောင်း”
ဂုဏ်ထူးဆောင် နာယကရာထူး လုပွဲတို့ ဆက်လက်ပြောရော သူခမြာ ထ’ပြေး
ပါလေရော ..... :D။ မြရာပင်စာပေက ရဲဘော်မြ (ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူး
တိုင်း၊ တိုင်းကော်မတီဝင်)နဲ့ ရဲဘော်မြကြီး (သခင်သန်းထွန်းကို လုပ်ကြံသူ) ကို
ခွဲခွဲခြားခြားတော့ လေ့လာသင့်ပါတယ်၊ “ရဲဘော်မြ” ဆိုတာနဲ့ ဘယ် “မြ” မှန်း
မသိတဲ့အဖြစ်ကတော့ ဒုက္ခပါပဲ ဗျာ .... :D

ကဲ့ ... တရုတ်တစ္ဆေအကြောင်းဆီ ပြန်လှည့်လိုက်အုံးမယ်၊ ဘလော့ဂါဆိုတာ
ဘာလဲလို့ မေးရင်၊ ဟိုပြောဒီပြော ... ဟိုရေးရင်နဲ့ ဒီရောက်တယ်လို့ ကွယ်လွန်
သူ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း) ပြောခဲ့သလိုပါပဲ။ ကျနော်ငယ်ငယ်က
ကျနော့်တို့အိမ် အနီးအနားမှာ တရုတ်မိသားစု သုံး ... လေးစု ရှိပါတယ်၊ တရုတ်
လူမျိုးတို့ စီးပွားရေး ကျွမ်းကျင်မှု၊ အလုပ် လုပ်နိုင်မှုတွေကြောင့် ကျနော် ကိုးတန်း
ရောက်ကာစမှာပဲ သူတို့တွေ ကျနော်တို့ ဆင်ခြေဖုံးရပ်ကွက်လေးကနေ လူချမ်းသာ
တွေနေထိုင်တဲ့ ဆိတ်ငြိမ်ဒေသဆီ ပြောင်းရွေ့သွားကြပါတယ်။ ကျနော်တို့ ရပ်ကွက်
က မြန်မာလူမျိုး အများစု နေထိုင်တော့ အလှူခံမဏ္ဍာန်တွေ၊ လော်စပီကာအသံ
တွေ၊ ရာသီအလိုက် ဘုရားပွဲတွေနဲ့ အမြဲလိုလို တရုံးရုံး ဖြစ်နေကြပါ။ ရပ်ကွက်ထဲ
ကနေ တခြားနေရာဆီ ပြောင်းရွေ့သွားသူတွေ ရုတ်တရက် သူတို့စိတ်ထဲမှာ
“ဟာတာတာ” ဖြစ်သွားသလို ခံစားရကြောင်း ပြောပြကြပါတယ်။ ကျနော်တို့
မိသားစုနဲ့ အင်မတန် ရင်းနှီးတဲ့ “အကြည်” လို့ ခေါ်တဲ့ တရုတ်မကြီး မိသားစု တစ်စု
ရှိပါတယ်။ အဲဒီ ဒေါ်အကြည်ဟာ ကျနော့်ရဲ့ “ဖဲ”ရိုက်နည်း သင်ပေးတဲ့ ပထမ
ဆုံး ဆရာတစ်ဦးပါ။

အကြည်တို့ အိမ်ပေါ်မှာ ကျနော်ငယ်စဉ်က နေ့စဉ် သွားရောက် ဆော့
ကစားနေကြပါ။ ကျနော် ခြောက်တန်း ... ခုနှစ်တန်းလောက် ရောက်တော့
အကြည်က သူတို့အိမ်ပေါ်ရောက်ရင် မုန့်ပဲလှော်တွေကို သူ့သားသမီးတွေနဲ့
ဆတူဝေပေးပြီး မုန့်ပဲလှော်ကြေး “ဖဲ”ရိုက်ကြပါတယ်။ ၁၃ ချပ် ပိုကာ၊ တစ်ချပ်
မှောက် “ရှိုး” စတဲ့ ရိုက်နည်းပေါင်းစုံကို ကျနော်တို့ ကစားကြပါတယ်။ မုန့်ပဲလှော်
ကြေး ဖဲရိုက်တိုင်း ကျနော် အရင်ဆုံး မြန်မြန်ကုန်ပြီး ရှုံးသွားလေ့ ရှိပါတယ်။
အဲလို ရှုံးသွားရင် အကြည်က ကျနော့်ကို ကြည့်ရင် ပထမတော့ တဟဲဟဲ
ရယ်ပြီး သူ့ပါးစပ်က တရုတ်လို ပွစိပွစိပြောပြီး မျက်ရည်တွေ ၀ဲလာလေ့ ရှိ
ပါတယ်။ ဒါနဲ့ သူ့သား တိုးတိုးကို မေးကြည့်တော့ ကျနော့်တို့ လမ်းလျှောက်
တတ်ကာစက ကွယ်လွန်သွားတဲ့ အကြည်ရဲ့မောင် “အကျိုး” ကို သတိရပြီး
ခုလို မျက်ရည်ဝဲတာ ဖြစ်ကြောင်း ပြောပြပါတယ်။ အကြည်ရဲ့မောင် ဖြစ်သူ
“အကျိုး” ဟာ တမလွန်ကနေ သူတို့ မိသားစုကို ကာကွယ်စောင့်ရှောက်
နေတယ်လို့ သူတို့မိသားစု မှတ်ယူထားကြပါတယ်။ (အကြည်ရဲ့မောင် အမည်
က “အကျိုး” မဟုတ်ပါဘူး၊ သူတို့တရုတ်တွေရဲ့ အသံထွက်ကို ကျနော်တို့
မှတ်လို လွယ်အောင် “အကျိုး”လို ဖြစ်သလို ခေါ်ကြတာပါ။)

ကျနော့်အဖွားထံကနေ သိခဲ့ရတာက အကြည်တို့ မိဘများ လက်ထက်က
အဲဒီသူတို့အိမ်မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အကြည်
အပါအ၀င် သားသမီး လေး ... ငါး ယောက်ရှိပါတယ်။ ၁၉၆၇ ခုနှစ် တရုတ်မြန်မာ
အရေးအခင်းအတွင်း အကြည်ရဲ့ မောင်နှမတချို့ သေဆုံးခဲ့ကြပါတယ်။ သူတို့
မောင်နှမအားလုံး “နန့်ရမ်း” ကျောင်း (ယနေ့ အ.ထ.က(၂)ဗဟန်း) မှာ
ပညာသင်ကြားကြတဲ့ တရုတ်ကျောင်းသားတွေပါ၊ အဲဒီခေတ်က ရန်ကုန်မှာ
“နန့်ရမ်း”လို တရုတ်သီးသန့်ကျောင်းတွေ ရှိခဲ့ဖူးပါတယ်၊ လူကြီးအပြောအရ
စားသောက်ကုန် “ဆန်”ဈေးကွက်ကို တရုတ် လက်ဝါကြီးအုပ်ထားလို့၊ နန့်ရမ်း
ကျောင်းက မြန်မာလူမျိုး ကျောင်းဆရာမတစ်ဦးကို တရုတ် ကျောင်းသားတွေ
စုပေါင်း အဓမ္မပြုကျင့်ပြီး ရင်သား နို့သီးခေါင်းကို ကတ်ကြေးနဲ့ ဖြတ်ပြီး သတ်ပြစ်
တယ် ... စတာတွေ ပြောကြပါတယ်၊ နိုင်ငံရေးအကြောင်း နှံစပ်တဲ့ လူကြီးတွေက
တော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ “ပန်းပေါင်းတစ်ရာ ပွင့်ပါစေ”လို့ တရုတ်
ကွန်မြူနစ် ဥက္ကဋ္ဌ မော်စီတုန်း ကြွေးကျော်သံနဲ့အတူ အရှေ့တောင်အာရှနဲ့
ကမ္ဘာအရပ်ရပ်က ကွန်မြူနစ် လက်နက်ကိုင် အင်အားစုတွေကို တရုတ်က
ပုံအော ကူညီမှုကြောင့် တရုတ်မုန်းတီးရေး ပြဿနာ ဖြစ်ပွားပြီး အင်ဒိုနီးရှား
နိုင်ငံမှာ တရုတ်လူမျိုး သိန်း ဂဏန်းအဆင့်ထိ အသတ်ခံရကြောင်း ပြောပြ
ကြပါတယ်။

အဲလိုနဲ့ တရုတ်မြန်မာ အရေးအခင်း လူမျိုးရေး ရိုက်ပွဲတွေ ဖြစ်လာတော့
အကြည့်တို့ မိဘများ ပိုင်ဆိုင်တဲ့ သူတို့အိမ်ကို မြန်မာကျောင်းသားတွေနဲ့
မြန်မာပြည်သူတွေ ၀ိုင်းထားကြပါတယ်။ သူတို့ စားသောက်ဆိုင်အတွင်းက
ခုံတွေ စားပွဲတွေ ပစ္စည်းပစ္စယတွေကို လမ်းမပေါ် သယ်ထုတ်ပြီး စုပုံ မီးရှို့
ကြပါတယ်။ အဲဒီအချိန်မှာ အကြည်တို့ အမအကြီးဆုံးဟာ သူတို့တိုက်ရဲ့
ခေါင်မိုးပေါ်တက်ပြီး ... “ဥက္ကဋ္ဌကြီး မော်စီတုန်း အသက်ရာကျော် ရှည်ပါစေ”၊
“ပီကင်းဦးဆောင်တဲ့ တော်လှန်ရေး မုတ်ချအောင်ရမည်” အော်ပြီး သူတို့တိုက်
ရှေ့မှာ သူတို့ပစ္စည်းပစ္စယတွေ မီးပုံရှို့ထားတဲ့ မီးပုံထဲကို ခုန်ချပါတော့တယ်။
အပေါ်ကနေ အောက်ကို ပြုတ်ကျလာတဲ့ အရှိန်နဲ့ အကြည့်တို့ အမအကြီး
ဆုံး ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ အမအကြီးဆုံး အဲလို အဖြစ်ဆိုးနဲ့ သေ
သွားတာကို ကြည့်ပြီး အကြည်ရဲ့မောင်အငယ်အဆုံး “အကျိုး”ဟာ အဲဒီအချိန်
ငါးနှစ် ..... ခြောက်နှစ်သားအရွယ်ပါ၊ ဒါနဲ့ အဲဒီကလေးက တိုက်ခေါင်မိုးပေါ်
ဘယ်လိုပုံစံ တက်သွားမှန်းမသိ တက်သွားတယ်လို့ ကျနော့်အဖွားက ပြောပြ
ပါတယ်။ ကလေးငယ်ဖြစ်တဲ့ အကျိုးက သူ့အမလို ဥက္ကဋ္ဌကြီးမော်တို့ ဘာတို့
မကြွေးကျော်နိုင်ပါဘူး၊ “ခွေးမသားတွေ .... တွေ” စသဖြင့် သူတို့အိမ်ရှေ့က
လူအုပ်စုကြီးကို လက်ညှိုးဆဲဆိုပြီး သူ့အမလို ခုန်ချလိုက်ပါတယ်။ တိုက်ပေါ်က
ပြုတ်ကျလာတဲ့ “အကျိုး”ဟာ ငယ်သံပါအောင် အော်ရင် လူတွေကို လက်ညှိုး
ဆဲဆိုနေပါတယ်၊ ပြုတ်ကျလာတဲ့အရှိန်နဲ့ သူ့အမလို သေမသွားပဲ ခြေနှစ်ချောင်း
စလုံး ကျိုးသွားပါတယ်။ သူ့ရင်ဘက်မှာ တရုတ်ကွန်မြူနစ်ခေါင်းဆောင်
မော်စီတုန်း ရင်ထိုးလေးကို တပ်ထားပါတယ်။ သူ့ပါးစပ်ကလည်း တအားအား
အော်ငိုရင်း သူ့ကို ၀ိုင်းကြည့်နေတဲ့ လူအုပ်စုကို ဆက်တိုက် ငိုပြီး ဆဲဆိုပါတယ်။
အဲဒီအချိန်မှာ ဓါးရှည်ကိုင်ထားတဲ့ လူမိုက်တစ်ယောက်က ခုတ်မယ်ဆိုပြီး
သူ့ဆီ ပြေးသွားပါတယ်။ အဲဒီအချိန်မှာ ကျနော့်အဖွားက ... “ဟဲ့ဟဲ့၊ မလုပ်ကြ
ပါနဲ့၊ ဒီကလေးက တရုတ်မဟုတ်ပါဘူး၊ သူတို့မိသားစု ကလေးမွေးစားချင်တယ်
ပြောလို့ အဒေါ်ကိုယ်တိုင် တောက ခေါ်ပေးခဲ့တဲ့ မြန်မာလူမျိုး မိဘမဲ့လေးပါ ...”
လို့ ၀င်ပြီး လိမ်ညာပေးလိုက်ပါတယ်။ အဲဒါနဲ့ အကြည်မောင်အရင်း တရုတ်လူမျိုး
စစ်စစ် “အကျိုး”တစ်ယောက် အောက်ပြုတ်ကျပြီး ခြေထောက်ကျိုးပေမယ့် ဓါးနဲ့
အခုတ်မခံရပဲ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ကျနော်အဖွား အပါအ၀င် သူတို့
အိမ်နီးနားချင်း မြန်မာတွေက သူတို့မိသားစုကို မသတ်ဖို့၊ သူတို့မိသားစုထံမှာ
အကြွေးရစရာ ရှိတယ်ဆိုပြီး မီးရှို့ခံရတော့မယ့် သူတို့ပစ္စည်းတွေကို လူတွေရှေ့
မှာ သူတို့အိမ်ထဲက သယ်ယူကြပါတယ်။ လူအုပ်စုကြီး ပြန်သွားမှ သူတို့ပစ္စည်း
တွေကို သူတို့မိသားစုထံ ပြန်ပေးကြပါတယ်။ ဒါကြောင့် အကြည်တို့ မောင်နှမ
တသိုက်က ကျနော့်အဖွားကို အမေလို့ ခေါ်ကြပါတယ်။ ကျနော့်အဖွား ကွယ်လွန်
တော့ အငိုဆုံးလူဟာ အကြည်ပဲ ဖြစ်ပါတယ်။

ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားတဲ့ အဖြစ်ရယ်၊ သူ့တရုတ် နာမည်
အရင်းမှာ “အကျွတ်”လိုလို “အကျွီ့”လိုလို ခေါ်ရခက်တဲ့ အမည်ကြောင့်
ကျနော်တို့ ငယ်စဉ်က သူ့ကို “အကျိုး”လို့ပဲ ခေါ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျနော်
နှစ်တန်း ... သုံးတန်းလောက်မှာ အကြည်ရဲ့မောင် “အကျိုး” ကွယ်လွန်သွား
ပါတယ်။ ဒီလိုနဲ့ ခြောက်တန်း ... ခုနှစ်တန်း ကျောင်းသားဘ၀ အကြည်တို့
အိမ်မှာ မုန့်ပဲလှော်ကြေး ဖဲရိုက်တိုင်း ကျနော် ရှုံးလေ့ရှိပါတယ်။ ဒါနဲ့ အကြည်’
သား တိုးတိုးပြောပြတဲ့ သေသွားတဲ့ သူ့ဦးလေး “အကျိုး” အကြောင်း ကျနော့်
အဖွားကို မေးကြည့်ပါတယ်။ ကျနော့်အဖွားက “အကျိုး”ဟာ အင်မတန် ၀က်သား
ကြိုက်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်နဲ့အတူ အကြည့်တို့အိမ်ပေါ် သွား
ဆော့နေကြ မောင်ငယ်နဲ့ ပေါင်းပြီး အစီအစဉ်တစ်ခု ရေးဆွဲပါတယ်။ အဲဒီ
အစီအစဉ်က ကျနော်တို့ မုန့်ပဲလှော်ကြေး ဖဲရိုက်နေစဉ် အချိန်အတွင်း
သူတို့အိမ်က မီးဖိုချောင်းထဲမှာ ခွက်တစ်ခွက်ထဲ ၀က်သားဟင်းထည့်ပြီး
တစ္ဆေဖြစ်နေတဲ့ “အကျိုး”ကို ဖိတ်ဖို့ပါ၊ ကျနော်တို့ ကလေး “ဖဲ” ၀ိုင်း မပြီးမချင်း
သူ့တူအရင်း တိုးတိုးဖက်ကနေ ၀င်မကူရင် ဖဲ လာကစားတိုင်း ၀က်သားဟင်း
တစ်ခွက် ယူလာမယ်လို့ ကတိပြုတယ်ပေါ့ ...။

ဒီလိုနဲ့ ကျနော်တို့ မောင်ငယ်တို့ အိမ်မှာ ၀က်သားဟင်းချက်ရင် ခွက်သေးသေး
ထဲ ၀က်သား အဆီးဖက်လေး နည်းနည်း ထည့်ပြီး အကြည့်တို့ အိမ်ပေါ်
ယူသွားပါတယ်၊ သူတို့အိမ်ပေါ်ရောက်ရင် ဟိုကြည့် ဒီကြည့်နဲ့ သူတို့မိသားစု
မမြင်အောင် လှေကားထစ်အောက် ဖြစ်ဖြစ် ဒီခွက်လေး ယူသွားပြီး ပါးစပ်ကနေ
တိုးတိုးတိတ်တိတ်နဲ့ ... “အကျိုးရေ၊ အကျိုးကြိုက်တဲ့ ၀က်သားဟင်း ယူလာ
တယ်၊ ဖဲဝိုင်းမှာ တိုးတိုးဖက်ကနေ ၀င်မပါပေးနဲ့၊ တိုးတိုးဖက်က ၀င်ပါလို့
ကျနော်တို့ရှုံးရင် နောက်တခါ ၀က်သားဟင်း မကျွေးတော့ဘူး ... ”။
အဲဒီတုန်းက ကိုယ်တိုင်လုပ်ခဲ့တာကို အခုပြန်တွေးမိမှာ ကြက်သီးတောင်
ထ’တယ် .... :P

အဲလို ၀က်သားဟင်း ကျွေးတဲ့နေ့ဆို မုန့်ပဲလှော်ကြေး ကျနော်တို့ ဖဲရိုက်ရင်
ကျနော်ရော မောင်ငယ်ပါ နိုင်သလား မမေးပါနဲ့၊ မုန့်ပဲလှော်တွေ စားလို့
ချောင်းတဟွတ်ဟွတ်နဲ့။ ၀က်သားဟင်း ယူမသွားနိုင်တဲ့ နေ့ဆိုရင် ကျနော်တို့
နှစ်ယောက် ခွက်ခွက်လန်အောင် ရှုံးပါတယ်၊ ၀က်သားဟင်း ယူမသွားနိုင်တဲ့
တစ်နေ့၊ ပိုကာဖဲဝိုင်းမှာ ဝေပါ တစ်ထွေ၊ ဂျိုကာက နှစ်ကောင်နဲ့၊ လေးပြား တစ်တွဲ၊
သုံးပြား နှစ်တွဲ၊ ကျန်နှစ်ပြားကို အလယ်က ဂျိုကာထောက်ပြီး change လုပ်နေတာ
ဖဲဝိုင်း အလှည့်ကျ ဖဲဆွဲတာ လေး .... ငါးပတ် ကျနော်တို့ မဒေါင်းဘူး၊ ပေါက်ကရ
ဖဲမျိုးစုံ ဖြစ်နေတဲ့ တိုးတိုးက ဂျိုကာတွေ တက်လိုက်၊ ပိုက်ဆံဖဲတွေ တက်လိုက်နဲ့
သူပဲ ဒေါင်းသွားတယ်။ ဒါနဲ့ မုန့်ပဲလှော်ကြေး ဖဲရှုံးသွားတဲ့ ကျနော်တို့
နှစ်ယောက်၊ ၀က်သားဟင်းကြိုက်တဲ့ တရုတ်တစ္ဆေ “အကျိုး” ကို ပညာပေးမယ်
ဆိုပြီး စီစဉ်ကြပါတယ်။

နောက်တနေ့ မောင်ငယ်တို့အိမ်မှာ ၀က်သားဟင်းချက်တော့ ခွက်သေးသေး
ထဲ ၀က်သားဖက် နှစ်တုံးကို အဆီလေး ဘာလေးထည့်၊ ငရုတ်သီးမှုန့်တွေ၊
ငရုတ်သီးစိမ်း အတောင့်ကို ချွေထည့်ပြီး “အကြည်”တို့အိမ် သွားကြပါတယ်။
ထုံးစံအတိုင်း သူတို့အိမ်မှာ တစ္ဆေဘ၀ကနေ သူတို့မိသားစုကို ကာကွယ်
နေတဲ့ “အကျိုး”ကို ကျနော်တို့ဘာသာ တိုးတိုးတိတ်တိတ် ပင့်ဖိတ်ပြီး
ငရုတ်သီး ဗလပွ ထည့်ထားတဲ့ ၀က်သားဟင်းနဲ့ ပူဇော်ပသ လိုက်ပါတယ်။
တရုတ်လူမျိုးတွေက ၀က်သားဟင်း ချက်ရင် အချိုချက်ပဲ စားကြတာ
များပါတယ်၊ အစပ်ကြိုက်တဲ့ တရုတ်ဟာ တော်တော်ကိုး ရှာပါတယ်။
ဒါကြောင့် ၀က်သားဟင်းကို ငရုတ်သီး လူးပြီး ကျွေးလိုက်တာပါ၊ တစ္ဆေပုံစံကို
တခါမှလည်း မမြင်ဘူး၊ အသံတွေ ဘာတွေလည်း မကြားဘူးတော့ လုပ်ရဲတဲ့
သတ္တိ ရှိခဲ့တာပါ။ ဒီလိုနဲ့ နောက်နေ့မနက် မိုးလင်းတော့ မျက်လုံးမပွင့်ခင်
ခြင်ထောင်နံဘေးမှာ ကျနော့်အဖွားရဲ့ တဗျစ်တောက်တောက် ဆူသံကို
ကြားနေရပါပြီ။ တရုတ်တစ္ဆေ “အကျိုး”က ကျနော့်အဖွားကို အိမ်မက်ပေးပြီး
အိမ်မက်ထဲမှာ ... “အမေ၊ အမေ့မြေး ကျနော့်ကို ၀က်သားဟင်း ငရုတ်သီး
လူးပြီး လာ ကျွေးသွားတယ်ဗျာ ...” တဲ့ ..... :P
မောင်ငယ်တို့ အမေလည်း ပုံစံတူ အဲလို အိမ်မက် မက်ပါတယ်၊ လေး ...
ငါး ... ခြောက်လ ကြာသည်အထိ “အကြည်”တို့ “တိုးတိုး” တို့ အိမ်ဆီ
ကျနော်နဲ့ မောင်ငယ် မသွားရဲကြပါ၊ လူကြီးတွေ ပြောတဲ့ ...
ပေါက်ပန်းလေးဆယ် မလုပ်နဲ့နော် ... ဆိုသောစကားကို လက်ခံလို့တော့
မဟုတ်၊ တရုတ်တစ္ဆေ “အကျိုး” ကိုယ်ရောင်ပြလိုက်မှာ ဆိုးလို့ပါ .... :P

http://www.pyustate.com/2011/10/blog-post_02.html မှ ကူးယူဖော်ပြသည်

မလေးရှားက တစ္ဆေများ

(ကြောက်တတ်သူများ မဖတ်သင့်ပါ* ။)



မလေးရှား ကွာလာလန်ပူက ဆာလာယန်းဆိုရင် သိတဲ့လူက
များပါတယ်။ ဆာလာယန်းဖက်က ပါဆာဘရွမ်းဈေးမှာ အလုပ်
လုပ်နေတဲ့ အလုပ်သမား အများစုက မြန်မာပြည်သားတွေ ဖြစ်
ပါတယ်။ ကွာလာလန်ပူမှ ဆာလာယန်းဖက်ကို ဘက်စ်ကား
အမျိုးမျိုးစီးပြီး သွားလို့ ရပါတယ်။ ဆာလာယန်းဒေသ အစွန်းအဖျား
မှာ “ဘူကစ်အစ်ဒမန်” ဆိုတဲ့ ရပ်ကွက် တစ်ခုရှိပါတယ်။ အဲဒီဖက်ကို
နံပါတ် (၅၀)၊ (၉၄ A) နဲ့ (၅၅ D)တို့ကို စီးရင် ရောက်ပါတယ်။
ဂိတ်ဆုံး ရောက်ရင် ညာဖက်အခြမ်းမှာ ရှိတဲ့ မှတ်တိုင်မှာ ဆင်း
လိုက်ပါ။ ဟိန္ဒူဘာသာဝင် ကုလယ် ကုလားတွေ နေထိုင်တဲ့
ရပ်ကွက်တစ်ခု ရှိပါတယ်။ အဲဒီရပ်ကွက်နံဘေးမှာ “Ban Seng Lee”
ဆိုတဲ့ စက်ရုံ တစ်ရုံ ရှိပါတယ်။
အဲဒီစက်ရုံမှာ ၂၀၀၀ ခုနှစ်မတိုင်ခင်က ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒို
နီရှား အလုပ်သမား ၂၀၀ နီးပါးရှိပါတယ်။ ၂၀၀၀ ခုနှစ် ကျော်
တော့ ရွှေမြန်မာတွေ အဲဒီစက်ရုံကို စရောက်လာပါတယ်။ ပထမ
ဆုံး ရွှေ (၂၀)ကျော် စလုပ်ပါတယ်။ နောက် ၂၀၀၀ ခုနှစ်ထဲမှာ
မလေးရှား အစိုးရ တရားမ၀င် အလုပ်သမားတွေကို Work Permit
လုပ်ဖို့ တစ်ခါ ဖွင့်ပေးပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်ထဲ
ရောက်တော့ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား အများ
စုဟာ ရွှေမြန်မာတွေ ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ် နှစ်ဆန်း
အထိ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား (၂၀၀) နီးပါး အလုပ်
လုပ်လျက်ရှိပါသေးတယ်။

အလုပ်ထဲမှာ နေ့ဖက်နဲ့ ညဖက်ဆိုပြီး အလုပ်နှစ်ဖွဲ့ ခွဲထား
ပါတယ်။ ညဖက် အလုပ်သမားတွေဟာ နေ့ဖက် အလုပ်သမား
တွေထက် လစာအားဖြင့် မလေးရှားငွေ တစ်ရာ နှစ်ရာလောက်
ပိုရပါတယ်။ ဒါကြောင့် ရောက်ခါစ မြန်မာအလုပ်သမားများဟာ
မြန်မာပြည်က ထွက်လာတဲ့ အရင်းအနှီး မြန်မြန်ကျေဖို့ ညဖက်မှာ
အလုပ် လုပ်ချင်ကြပါတယ်။ စက်ရုံတည်ဆောက်ထားပုံအရ အပေါ်
ထပ်ဟာ စက်ရုံတစ်ဝက်အထိ ရှိပါတယ်။ အပေါ်ထပ်မှာ
semi-auto လို့ခေါ်တဲ့ အဲယားကွန်မှာ တပ်ဆင်တဲ့ သံစကာ
ကွက် ထုတ်လုပ်ရေး ဌာနနဲ့ အသေးစားအဆင့် လုပ်ငန်းခွင်ပဲ ရှိပါ
တယ်။ အသေးစား ဌာနနံဘေးမှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြု
ဆုတောင်းဖို့ အခန်းတစ်ခန်း ရှိပါတယ်။ မလေးရှား ဘာသာရေး
ဥပဒေအရ အလုပ်အချိန်အတွင်း မူစလင်ဘာသာဝင်များ အလုပ်
ခေတ္တရပ်နားပြီး ၀တ်ပြုဆုတောင်းခွင့် ရှိပါတယ်။ အခန်းရဲ့
အ၀င်အ၀မှာ ၀တ်မပြုခင် ကိုယ်လက်သန့်စင်ဖို့ အိမ်သာ
ထဲစီးဝင်တဲ့ ဖိနပ်တွေ ထားရာ ဖိနပ်စင်တစ်ခု ရှိပါတယ်။

အဆိုပါ အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ်သမား
အနေဖြင့် များများစားစား မထားပါ။ လေးဦး ငါးဦးလောက်
သာ အလုပ် လုပ်လေ့ရှိပါတယ်။ လုပ်ရသော အလုပ် အနေ
အထားမှာ ပေါ့ပေါ့ပါးပါးနဲ့ အန္တရာယ်လည်း ကင်းသောကြောင့်
မြန်မာအလုပ်သမားများက စိတ်ဝင်စားကြပါတယ်။ သို့သော်
ယင်းဌာနတွင် မူစလင်ဘာသာဝင်မှ အပ အခြားဘာသာဝင်
များအား မခန့်အပ်ခဲ့ပါ။ ၂၀၀၁ ခုနှစ်အတွင်း ဗုဒ္ဓဘာသာ
ဝင် မြန်မာအလုပ်သမား နှစ်ဦးအား အဆိုပါဌာနမှာ ညဖက်
အလုပ်သမားအဖြစ် ပထမဆုံး စထားပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမား လေး ... ငါးဦးကို ကြီးကြပ်
ရသူက “နဇဘွန်း” ခေါ် ဘင်္ဂလားဒေ့ရှ်တစ်ဦးပါ။ သူ မှာကြား
ထားပုံက ...
“အလုပ် လုပ်နေတဲ့အချိန်အတွင်း နောက်ကနေ တစ်ယောက်
ယောက် ဖြတ်သွားတာတို့ အသံတစ်ခုခု ကြားတာတို့
ရှိရင် နောက်ကို ချက်ချင်း လှည့်မကြည့်ပါနဲ့၊ ကိုယ့်မျက်စိရှေ့မှာ
ရှိတဲ့ စက်ကိုပဲ ဂရုစိုက်ပါ၊ ပစ္စည်းရော လူပါ ထိခိုက်နိုင်တယ် ...”

ပထမ တစ်ရက် နှစ်ရက်တော့ အေးအေးဆေးဆေးပါ။ ဒီလိုနဲ့
တစ်ရက်ကြတော့ နံဘေးမှာ အလုပ် လုပ်နေတဲ့ အင်ဒိုနီးရှား
အလုပ်သမားက အလုပ် လုပ်နေရင်းနဲ့ နံဘေးကို မျက်စောင်း
ထိုးပြပါတယ်။ အနောက်မှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြုတဲ့
အခန်းဝက “ဆင်ကြယ်” ဖိနပ်လို ဖိနပ်တစ်ရံ အလိုလိုရွေ့နေ
ပါတယ်။ ဒါနဲ့ စက်ပိတ်ပြီး သေသေချာချာ လှည့်ကြည့်ပါတယ်၊
မျက်စိရှေ့မှာတင် ဖိနပ်က လုံးဝ မရှိတော့ပါ။ နောက်ပိုင်း ရက်တွေ
မှာလည်း အဲလိုမျိုး မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အလုပ်ထဲ
က အင်ဒိုနီးရှား အလုပ်သမား တစ်ယောက်ကို မေးကြည့်တော့ …
“ည ၁၂ နာရီနဲ့ တစ်နာရီကြားမှာ “ဂျင်”လို့ ခေါ်တဲ့ အရာတွေ
သွားလာ လှုပ်ရှားလေ့ရှိတယ်၊ ဒီအခန်းထဲက ဂျင်က နည်းနည်း
ကြမ်းတယ်၊ အလုပ်နားတဲ့ အချိန်တိုအတွင်း ဒီအခန်းထဲမှာ
မအိပ်မိစေနဲ့ ပြဿနာရှိတယ် ... ”

အဲဒါနဲ့ မြန်မာတစ်ယောက်ကနေ တခြားတစ်ယောက်ဆီ အဆင့်
ဆင့် သတင်းက ရောက်သွားပါတယ်။ မယုံဘူး စမ်းကြည့်မယ်
ဆိုတဲ့ အလုပ်သမား လေး ... ငါးယောက်က အစီအစဉ်တစ်ခု
ရေးဆွဲပါတော့တယ်။ ည ၁၂ နာရီကနေ ၁၂ နာရီ ၄၅ မိနစ်အထိ
ညပိုင်း အလုပ်ခွင်မှာ ထမင်းစားဖို့ ခဏနားပါတယ်။ အဲဒီအချိန်
အတွင်း စမ်းမယ်ပေါ့ ....။ ပထမဆုံး စ’စမ်းတဲ့ အလုပ်သမားက
ဝဏ္ဍထွန်းနဲ့ ကျော်ဦး ဆိုသူတို့ပါ။ ခုံတန်းလျား စုပြီး အဲဒီပေါ်မှာ
တက်အိပ်ပါတယ်။ ညဖက် အစားပြေ “နာစီးနမ” (ထမင်းပေါ်တွင်
ငရုတ်သီးနဲ့ ရောချက်ထားသော ငါးခြောက်ဟင်း အနည်းငယ်
ပါသည့် မလေးရှား အစားအစား)ကို စားပြီး စ'အိပ်ကြပါတယ်။
သူတို့နဲ့ မလှမ်းမကမ်းမှာ တခြား မြန်မာအလုပ်သမား လေး
ငါးယောက်က စောင့်ကြည့်ကြပါတယ်။ သူတို့နှစ်ဦးစလုံးက
ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့ လူစားမျိုးတွေပါ။

ဆယ်မိနစ်လောက်နေတော့ သူတို့နှစ်ယောက်လုံးဆီက
ဟောက်သံတွေ ကြားရပါတယ်။ နောက်ထပ် ဆယ်မိနစ်
လောက်ကြာတဲ့အထိ ဘာမှ မဖြစ်သေးပါဘူး၊ ဟောက်သံ
တော့ တိတ်သွားပါတယ်။ ဒါနဲ့ စောင့်ကြည့်နေတဲ့ အုပ်စုထဲမှ
တစ်ယောက်ကနေ ဒီကောင်တွေ ကြည့်ရတာ ဘာမှ ထူးခြားပုံ
မရဘူး၊ သူတို့နံဘေးမှာ ငါ သွားအိပ်မယ်ဆိုပြီး သူတို့နံဘေး
သွားအိပ်ပါတယ်။ အိပ်ပျော်သူတွေရဲ့နံဘေးနား ရောက်သွားတဲ့
အဲဒီလူက လှမ်းအော်လို့ ကျန်တဲ့သူတွေ အပြေးအလွှား သွား
ကြည့်ကြပါတယ်။ အိပ်နေတဲ့ နှစ်ယောက်စလုံးက မျက်လုံးပြူးပြီး
မျက်ဆန်အမဲက လှုပ်နေပါတယ်။ သူတို့ ပါးစပ်က အနည်း
ငယ် ပွင့်နေပြီး အသံထွက်ဖို့ အားယူနေသလိုပါ။ ဘီးလူး စီးနေ
တာနဲ့ တူတယ်... လို့ တစ်ယာက်ကပြောမှ သူတို့နှစ်ယောက်
ကို လှုပ်နိုးလိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြောပြပုံအရ
အိပ်ပျော်ခါစမှာ ရင်ပတ်ပေါ်ကို တစ်ယောက်ယောက် တက်
ဖိထားပါတယ်။ လူက နိုးနေသော်လည်း အသံထွက်ဖို့
ကြိုးစားတာ မရပါဘူး။ ကျန်တဲ့သူတွေသာ လှုပ်မနိုးရင် သူတို့
နှစ်ယောက်လုံး သေရတော့မဲ့ အနေအထားလို့ သိရပါတယ်။

အဲဒါကို ငမိုးဆိုတဲ့ မြန်မာ အလုပ်သမားတစ်ယောက်က ငြင်းဆန်
ပါတယ်။ ထမင်းစားပြီး အိပ်လို့ အစားမကြေရင် အဲလို ဖြစ်တတ်
တယ်၊ နောက်တနေ့ ငါ အိပ်ပြမယ်ဆိုပြီး လုပ်ပါတယ်။ နောက်
တစ်နေ့တွင် အရင်နေ့က ပုံစံအတိုင်း ငမိုး အိပ်ပြပါတယ်။ သူ့နံဘေး
မှာ အားလုံးဝိုင်းကြည့် နေကြပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်သာ
ကုန်သွားပါတယ်။ ငမိုးထံတွင် ထူးထူးခြားခြား မတွေ့ရပါဘူး။ အလုပ်
ပြန်စဖို့ ဘဲလ်မြည်သံကြောင့် ငမိုးကို လှုပ်နိုးကြပါတယ်၊ နိုးမရတော့
ပါ။ လုံးဝသတိလစ်နေပါပြီ။ နည်းမျိုးစုံ လုပ်သော်လည်း သတိ မရ
တော့ပါ။ ဆာလာယန်း ဆေးရုံကို ညတွင်းချင်း ပို့လိုက်ရပါတယ်။
ငမိုး ပြောပြတာက ... သူ အိပ်သွားပါတယ်။ သူ့ကို ကုလား
တစ်ယောက်နဲ့ ကုလားမ တစ်ယောက် ခြေထောက်ကနေ
ဆွဲပြီး အခန်းထဲကနေ စက်ရုံအပြင်အထိ ဒရွတ်တိုက် ဆွဲချ
သွားပါတယ်။ စက်ရုံထဲကို သူ ပြန်ဝင်ဖို့ ကြိုးစားပါတယ်။
အရပ်ရှည်ရှည်နဲ့ ကုလားကြီးတစ်ယောက်က သူ့ရင်ပတ်ကို
စောင့်တွန်းပြီး ၀င်ခွင့်မပြုပါ။ ကြောက်ကြောက်နဲ့ အော်ငိုရင်း
သတိလစ်သွားခဲ့ပါတယ် ...။

နောက်ရက်တွေမှာ အခြေအနေက ပိုဆိုးလာပါတယ်။ အလုပ်
ချိန်အတွင်း နောက်ဖက်ရှိ ပုံးတွေကို လှဲချတာတို့၊ ပစ္စည်းတွေကို
အလိုအလျှောက် တွန်းရွှေ့ပြတာတို့ လုပ်လာပါတယ်။ အဆိုးဆုံး
က မီးခလုတ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်တာပါ၊ ဒေါသထွက်ပြီး
အော်ဆဲတဲ့သူ ဆိုရင် အကြောင်းမဲ့သက်သက် ချော်လဲ၊ ထိခိုက်
ဒဏ်ရာရ ပွန်းရှတာတွေ ဖြစ်လာပါတယ်။ ညပိုင်း ကြီးကြပ်ရေး
တာဝန်ခံက စက်ရုံပိုင်ရှင်ထံ တင်ပြရပါတော့တယ်။

အဲဒီအဖြစ်အပျက်များ နောက်ပိုင်း စက်ရုံပိုင်ရှင် တရုတ်လူမျိုး
ပီတာက အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ် မလုပ်ဖို့
တားမြစ်လိုက်ပါတယ်။ သူ ကိုးကွယ်ယုံကြည်တဲ့ မဟာယန
တရုတ်ဗုဒ္ဓဘာသာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပါတယ်။
အခြေအနေက အနည်းငယ်တော့ သက်သာသွားပါတယ်။
အရှင်းတော့ မပြေလည်ခဲ့ပါ။ စက်ရုံတွင် လုပ်သက် အရင့်ဆုံး
တရုတ်တစ်ဦး၏ ပြောပြချက်အရ စက်ရုံမဆောက်ခင် ဤ၀န်း
အတွင်း အုတ်ဂူ သုံး ... လေးခု ရှိခဲ့ဖူးကြောင်း သိရပါတယ် ...။

(ပြီးပါပြီ။)


http://www.pyustate.com/2010/09/blog-post_25.html မှကူးယူဖော်ပြသည်